မွေးနေ့ ပွဲ...ဤမှန်သော သစ္စာစကားကြောင့်
( ဒီဆောင်းပါးလေးက ကိုယ်ပိုင်ရေး မဟုတ်ပါဘူး။ ဆရာမ မလေးငြိမ် ရေးတဲ့ဆောင်ပါးလေးပါ။ ကူးပြီးတင်တာပါ။
ဤမှန်သော သစ္စာစကားကြောင့် ဆိုတဲ့ စာအုပ်လေးမှာ ပါတဲ့ ဆောင်းပါးတစ်ပုဒ်ပါ။ )
ယုမာလွင် ကမ္ဘာသစ် မှ ကူးယူဖော်ပြသည်။
အလွန်ရခဲလှတဲ့ လူ့ဘ၀ထဲကျရောက်လာသည့်နေ့ (၀ါ) မိခင်ဝမ်းမှ မီးရှူးသန့်စင်ဖွားမြင်သည့်နေ့
ကို “မွေးနေ့” ဟုဆိုကြသည်။
လူတို့သည် ဘ၀တစ်လျှောက်လုံး ရင်ဆိုင်ကြုံတွေ့ရသော ထူးခြားသည့် အကောင်းအဆိုး ဖြစ်ရပ်မျိုးစုံတို့ကို မမေ့နိုင်ဘဲ ရှိတတ်သည်။
ထိုအထဲတွင် မမေ့နိုင်ဆုံးနှင့် အမှတ်တရ အရှိဆုံးမှာ မွေးနေ့ပင် ဖြစ်ပေသည်။
လူတိုင်းရင်ထဲ၌ မွေးနေ့မွေးရက် နှင့် မွေးသက္ကရာဇ်ကို ကျောက်စာထွင်းထားပြီးဖြစ်လေသည်။
မွေးနေ့ပွဲ သို့မဟုတ် မွေးနေ့တွင် အခမ်းအနား စီစဉ်ကျင်းပခြင်းသည် အနောက်တိုင်းဓလေ့မှ စတင်ခဲ့ခြင်း ဖြစ်သည်။
ခင်မင်အကျွမ်းဝင်သော မိတ်ဆွေများ၊ ဆွေမျိုးများ၊ မိသားစုများ စုဝေး၍ မွေးနေ့ပွဲ..... မွေးနေ့ပါတီ.... ကျင်းပတတ်ကြသည်။
အထူးအော်ဒါမှာထားသော စပါယ်ရှယ် မွေးနေ့ကိတ်ကြီးပေါ်၌ အနားပတ်လည် ဖယောင်းတိုင်မီးများ ထွန်းညှိထားသည်။
မွေးနေ့ပွဲသို့ တက်ရောက်သူများက " Happy Birthday to you" ....
သင့်အတွက်ပျော်ရွှင်သောမွေးနြေ
ဖစ်ပါစေဟု သီချင်းကဲ့သို့ သီဆိုဆုတောင်းပေးကြသည်။
ဆုတောင်းခြင်း ပြီးဆုံးသောအခါ ဖယောင်းတိုင်မီးများ အားလုံးငြိမ်းသတ်၍ မုန့်ကို ဓားဖြင့်လှီးပြီး ဧည့်သည်များအား ကျွေးမွေးလေသည်။
အနောက်တိုင်းသားတို့က မွေးနေ့ကို ပျော်ပွဲရွှင်ပွဲအနေဖြင့် သဘောထားကာ မွေးနေ့ပွဲ ကျင်းပလျက် မွေးနေ့ရှင်အား လက်ဆောင်ပေးကြသည်။
မိသားစုတို့ကား မွေးနေ့ရှင်အတွက် အထူးအမှတ်တရ လက်ဆောင်ကို ကြိုတင်ပြုလုပ် ထားလေ့ရှိ ကြသည်။
ထိုလက်ဆောင်သည် ပေးသူ၏ ချစ်ခင်မှု၊ ကြင်နာယုယမှုတို့ကို ပြသော သက်သေဖြစ်ပေသည်။
သို့ကြောင့် မွေးနေ့ရှင်သည် သူ၏ မွေးနေ့အတွက် လက်ဆောင်ရသည့် ပမာဏပေါ် မူတည်၍ ပျော်ရွှင်မှုလည်း တိုက်ရိုက်အချိုးကျလေသည်။
အထူးသဖြင့် ချမ်းသာကြွယ်ဝသော မိသားစုတွင် မွေးနေ့ပွဲသည် ပျော်ရွှင်ကြည်နူးဖွယ်ကောင်းသလော
က်
ဆင်းရဲသား ကျောမွဲလူတန်စား အဖို့မှာကား မွေးနေ့ကျရောက်တိုင်း မွေးနေ့ပွဲ မကျင်းပနိုင်သောကြောင့် ၀မ်းနည်းကြေကွဲဖွယ် ကြုံရတတ် လေသည်။
အနောက်တိုင်း၏ မွေးနေ့ပွဲရောဂါသည် ယခုအခါ ကမ္ဘာတစ်ဝန်းလုံးမှာ ကူးစက်ပြန့်ပွါးနေပြီ ဖြစ်ပါသည်။
မိမိတို့နိုင်ငံ ၌မူ ကိုလိုနီခေတ်၏ အမွေအနှစ်အဖြစ် ကျန်ရစ်ခဲ့ဟန်တူပါသည်။
ခေတ်မီသူတိုင်း မွေးနေ့ပွဲပြုလုပ်ကြသည်ဟု ဆိုလျှင်ပင် မှားနိုင်အံ့ မထင်ချေ။
ဘာမျှမသိ နားမလည်သေးသော ရင်ခွင်ပိုက် ကလေးသူငယ်များက အစ ကိုကိုမမတို့နှင့် တကွ ဦးဦးဒေါ်ဒေါ်တို့အား အလယ်ထား၍
ခေါင်းဖြူစွယ်ကျိုး ဘိုးဘိုးဘွားဘွားအထိ မွေးနေ့ပွဲများကို ပုံစံအမျိုးမျိုးဖြင့် ကျင်းပပြုလုပ်လျှက်ရှိ ကြသည်။
တန်ဖိုးကြီးသော ဖိတ်စာအပျံစား အကောင်းစားများဖြင့် ဖိတ်ကြားပြီး မွေးနေ့ပွဲ အခမ်းအနားကို ငွေကုန်ကြေးကျခံကာ
တခမ်းတနား စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ရသည်ကိုပင် ဂုဏ်ယူစရာအဖြစ် ထင်မြင်နေကြသည်။
ဖိတ်မန္တက အပြုခံရသူတို့ကလည်း မွေးနေ့ရှင်အား အဖိုးတန် မွေးနေ့လက်ဆောင်များ အပြိုင်အဆိုင်ပေးကြကာ
ရှေ့တန်းတင်အပ်သော လူမှုရေးကိစ္စ တစ်ရပ်အနေဖြင့် ဇာချဲ့နေကြသည်။
မွေးနေ့ပွဲ မပြုလုပ်နိုင်သော ဆင်းရဲသား ကျောမွဲလူတန်းစားတို့မှတစ်ပါး
အထက်တန်းနှင့် လူလတ်တန်းစား အလွှာများတွင် “လက်ဆောင် ပေးခြင်း သည်းခံပါ” ဟူသော ဖိတ်စာဖြင့်
ပျော်ပွဲရွှင်ပွဲ သက်သက်အဖြစ် ကျင်းပသည့် မွေးနေ့ပွဲများ ရှိသကဲ့သို့ အရှုံးအမြတ် တွက်၍ စီးပွါးဖြစ်ပြုလုပ်သော မွေးနေ့ပွဲမျိုးလည်းရှိပါသည်။
အချို့ပုဂ္ဂိုလ်တို့မှာ မြတ်မည်ထင်ကာ ချေးငှားပြီး မွေးနေ့ပြုလုပ်ရာ အရှုံးပေါ်၍ အကြွေးတင်ရသော ဖြစ်အင်နှင့်လည်း ကြုံကြိုက်ကြရလေသည်။
အထူးသဖြင့် လူကြီးလူကောင်းအမည်ခံ အထက်တန်းလွှာ ဂုဏ်ရှင်ဓနရှင်တို့၏ မွေးနေ့ပွဲမှာကား
စတိတ်ရှိုးဖြင့်ဖျော်ဖြေမည်။ အဖျော်ယမာကာဖြင့် ဧည့်ခံမည်။ အနောက်တိုင်း ယဉ်ကျေးမှုဖြစ်သော စုံတွဲအကများပါဝင်မည်။
ထိုအချက်များကို ဗုဒ္ဓဘာသာ ရှုထောင့်မှ သုံးသပ်မည်ဆိုပါက
သီလပျက်ပြား၍ တဏှာရာဂ ပွားစီးခြင်းသာလျှင် ရှိသောကြောင့် မွေးနေ့ပွဲသည် ကုသိုလ် မဖြစ်။ အမြတ်မထွက်။
အကုသိုလ်ပင် ၀င်၍ ငွေကုန်လူပန်းခြင်းသာ အဖတ်တင်သည်။
ထူးခြားသည်ဟု ဆိုရမည်လား။
ဆိုးဝါးသည်ဟု ဆိုရပါမည်လား။
ရင်သပ်ရှုမော အံ့သြ၍ မကုန်နိုင်စရာ သတင်းများ ကြားလာရသည်။
အချို့သော ခေတ်ပညာတတ်ရဟန်းတော်များသည်ပင် ဒကာ ဒကာမ ပရိတ်သတ်များ ခြံရံလျက် မွေးနေ့ကိတ် လှီးလာကြပြီ ဟူ၏။
ရင်လေးဖွယ် ကောင်းလှသည်။
အမှန်အားဖြင့် ဤလို မွေးနေ့ပွဲမျိုးသည် ရဟန်းတော်များကို မဆိုထားဘိ။ ဗုဒ္ဓဘာသာ မြန်မာလူမျိုးများနှင့် လားလားမျှ မသက်ဆိုင်ချေ။
"Happy birthday" ဟူသည်မှာ ပျော်ရွှင်သော မွေးနေ့ဟု အဓိပ္ပါယ်ရပါသည်။
ဗုဒ္ဓအလိုကျ ထေရ၀ါဒမှတ်ကျောက်ဖြင့် တိုက်ကြည့်မည် ဆိုပါက ပျော်ရွှင်မှုသည် သုခဝေဒနာဖြစ်ပါသည်။
သုခဝေဒနာကား ကာမသုခလ္လိက အစွန်းသို့ ရောက်ပါသည်။
မဇ္စျိမပဋ္ဋိပဒါ မဖြစ်ပါ။ မဇ္စျိမပဋ္ဋိပဒါ မဖြစ်လျှင် လမ်းမှန် မဟုတ်နိုင်တော့ပါ။
ဗုဒ္ဓ အလိုတော်အားဖြင့် မွေးနေ့ကိတ်လှီးသူများ လမ်းမှားသို့ ရောက်နေ ပါသည်။
စင်စစ်အားဖြင့် တစ်နှစ်လျှင် တစ်ကြိမ်မွေးနေ့ ကျရောက်တိုင်း .....
မိမိ၏အသက် တစ်နှစ်ပိုကြီးလာပြီ ဟူသော သတိ... မရဏတည်းဟူသော ဘ၀ဂိတ်ဆုံးသို့ မှတ်တိုင်တစ်တိုင် ပိုနီးလာပြီဟူသော သံဝေဂ...
ထိုသတိနှင့် သံဝေဂတို့ကို နှလုံးသွင်းလျက် ကျန်းမာ အသက်ရှင်နေစဉ်အတွင်း ဗုဒ္ဓဘာသာဝင်များအနေဖြင့်...
အလှူဒါနပြုလုပ်ခြင်း၊ ဥပုသ်သီလ ဆောက်တည်ခြင်း၊ ဘ၀နာပွားများအားထုတ်ခြင်း စသည့် ကုသိုလ်တရားများကို
ကိုယ်စွမ်းဥာဏ်စွမ်း ရှိသမျှ ပြုလုပ်အားထုတ်မှ သာလျှင် ဗုဒ္ဓအလိုကျနည်းမှန် လမ်းမှန် ဖြစ်ပေလိမ့်မည်။
မွေးနေ့ဒါန
တစ်ခါက ခရီးသွားရင်း ကားပေါ်တွင် ဓမ္မမိတ်ဆွေ အဘွားကြီးတစ်ဦးက မိမိအားပြောဖူးသည့်စကား...
စိတ်ဝင်စားဖွယ်၊ သင်ခန်းစာယူဖွယ်ဖြစ်သည်။ သူမမှာ စားဝနေရေး အတွက် မနိုင်မနင်း ကျဉ်းကျပ်နေသည်။
သားသမီးများ အိမ်ထောင်ခွဲထွက်၍ စီးပွါးဖြစ်ထွန်းနေသော်ငြားလည်း မဖြစ်စလောက် ပေးကမ်းသည်မှအပ ဂရုတစိုက် မရှိလှ။
တစ်နေ့တွင် သားဖြစ်သူသည် ပြုံးရွှင်သော မျက်နှာဖြင့် မိခင်အိုကြီးထံ သွက်လက်စွာရောက်ရှိလာပြီး ၀မ်းပန်းတသာ ပြောပြာသည်။
“ အမေရေ... မနေ့က ကျွန်တော့်မွေးနေ့မှာလေ၊ (x...) ကျောင်း အတွက် (x...) သိန်း လှူပါတယ်။
(x...) ... ဆရာတော်ကိုတော့ ဓမ္မာရုံဆောက်ဖို့ (x...) သိန်း လှူပါတယ်။ (x...) စာသင်တိုက်မှာတော့ သံဃာကုန် ဆွမ်းကပ်တယ် အမေ။
ကျွန်တော့်စီးပွါးရေးနဲ့ ပတ်သက်နေတဲ့ အရာရှိကြီးတွေ၊ လူကြီးလူကောင်းတွေ၊ သူဌေးသူကြွယ်တွေ ဖိတ်သမျှ အကုန်လာကြတယ်။
စည်လိုက်တာလဲ မပြောပါနဲ့တော့။ လာသမျှ ဧည့်သည်ကို ထောပတ်ထမင်းနဲ့ ကြက်သားဟင်း ကျွေးပြီး သီးစုံဖျော်ရည် တိုက်တာ၊
အားလုံး (x...) သိန်း တောင်ကုန်တယ် အမေရဲ့။ ထမင်းရည်ချောင်းစီး၊ အလှူကြီးပေးရတာ ၀မ်းသာလွန်းလို့
ရေစက်ချ အမျှဝေတော့ အသံတွေတုန်ပြီး မျက်ရည်များတောင် စို့မိပါရဲ့။ အမေက အသက်ကြီးပြီမို့ ပင်ပန်းမှာ စိုးလို့ မခေါ်တာပါနော်။
ထောပတ်ထမင်း ကလည်း အမေ့ သွေးတိုးနဲ့ မတည့်လို့ မပို့တာပါ။ အမေ အမျှပဲယူပါနော်။”
“ သာဓုပါ သားရယ်။ သာဓုပါ ”
သူမ အနေဖြင့် သားထံမှ ၀မ်းပန်းတသာ ပေးလာသော အမျှကို မှတ်မှတ်ရရ သာဓုနှစ်ကြိမ် ခေါ်ဖြစ်ခဲ့သည်။
သာဓုတစ်ကြိမ် ကျန်နေသည် ကိုလည်း သူမဘာသာ သိလေသည်။
ဘာသာတရားကို လေးစားကြည်ညိုရကောင်းမှန်း သိသောကြောင့် ပထမ သာဓုကို ခေါ်ခဲ့သည်။
သာသနာနှင့် ရဟန်းသံဃာတို့အား မွေးနေ့ဒါန ပြုရကောင်းမှန်း သိသည့်အတွက် ဒုတိယ သာဓုကို ခေါ်ခဲ့သည်။
မွေးနေ့မှာ အမေကို သတိမရသောကြောင့် တတိယ သာဓုကို မခေါ်ဖြစ်ခဲ့ပါ ဟုဆိုသည်။
သူမ၏ စကားသွေးထွက်အောင် မှန်လှပါသည်။
မွေးနေ့တွင် အဦးဆုံး ရှေ့ဆုံး သတိရသင့်သူမှာ
မိမိအား ဖ၀ါးလက်နှစ်လုံး ပခုံးလက်နှစ်သစ်အရွယ်မှ လူဖြစ်အောင် ကျွေးမွေးခဲ့သည့် မိဘနှစ်ပါးဖြစ်ပါသည်။
မွေးနေ့ကျရောက်တိုင်း မိဘအား အဦးထား၍ မိမိစွမ်းနိုင်သလောက်
ဖွယ်ဖွယ်ရာရာ ၀တ္ထုပစ္စည်းများဖြင့် လက်အုပ်ချီမိုး ရှိခိုးကတော့ရမည် ဖြစ်ပါသည်။
များသောအားဖြင့် မိဘတို့သည် သားသမီးထံမှ ရလာမည့် လာဘ်လာဘထက်
သားသမီး၏ မေတ္တာစေတနာ တုံ့ပြန်မှု၊ ကြင်နာနွေးထွေးမှု၊ အရေးထားလေးစားမှု၊
ကျေးဇူးသိတတ်မှု၊ လိမ္မာယာဉ်ကျေးမှု ... စသည်ကိုသာ မျှော်လင့်တတ်ကြပါသည်။
လေဆန်လိုက်၍ လှေရွက်တိုက်လို သူများမဟုတ်ပေ။
သားသမီးများ မွေးနေ့ ကျရောက်တိုင်း ကျေးဇူးသိတတ်ခြင်း ပုံရိပ်ကျရောက်သည်ကို ခံစားရသော မိဘများ၏ ပီတိသည်
လောကရှိ မည်သည့် အဖိုးတန် ပစ္စည်းနှင့်မျှ နှိုင်းယှဉ်လဲလှယ်နိုင် လိမ့်မည် မဟုတ်ပေ။
မိဘများမရှိတော့ပါက မွေးနေ့ဒါန၏ အဖို့အစုကို ကွယ်လွန်သူ မိဘတို့အား ရည်မှန်း၍ အမျှအတန်း ပေးဝေသင့်ပါသည်။
သားသမီး ၀တ္တရား ငါးပါးတွင် တစ်ပါး အပါအ၀င် ဖြစ်ပါသည်။
မွေးနေ့ ဒါန အဖြစ် သာသနာတွင် လှူစရာ မျိုးစုံရှိပါသည်။
အလှူ အနည်းအများက ပဓါနမဟုတ်ဘဲ လှူတတ်လျှင် မြတ်သည် ချည်းပင်ဖြစ်ပါသည်။
လှူဒါန်းရာတွင် ပကာသနမဖက်မှ ဗုဒ္ဓအလိုကျ တိဟိတ်ဥက္ကဌ ခေါ် ပထမတန်းစား အလှူ ... ကုသိုလ်ရာနှုန်းပြည့် ရနိုင်ပါသည်။
အချို့က မွေးနေ့တွင်ဆွမ်းသက်စေ့၊ ရေသက်စ့၊ ပန်းသက်စေ့၊ ဆီမီးသက်စေ့ တို့ကို မြတ်စွာဘုရားထံ ကပ်လှူပူဇော် ကြပါသည်။
ထိုလုပ်ငန်းသည် ဗုဒ္ဓဘာသာဝင်တို့၏ အာစိဏ္ဏကံ ကုသိုလ်တာဝန်ဖြစ်၍ မလစ်ဟင်းအောင် နေ့စဉ်ပြုလုပ်ခဲ့သည် ဆိုပါက
မွေးနေ့၏ အထူးဆောင်ရွက်မှုသည် လျော်ကန် သင့်မြတ်လှပါ၏။
အချို့မူကား အာစိဏ္ဏကံအလုပ်ကို တစ်နှစ်ပတ်လုံး ပစ်ထားပြီး
မွေးနေ့ကျမှ သတိရကာ ထလုပ်တာမျိုးတော့ ဗုဒ္ဓဘာသာဝင် အနေဖြင့် သဘာဝမကျ ဟုယူဆမိပါသည်။
အချို့ ပုဂ္ဂိုလ်တို့မှာ ရွှေတိဂုံဘုရားသို့ သွားရောက်ကာ မွေးနေ့မွေးနံထောင့်ဝယ် ဆင်းတုတော်များအား ရေသပ္ပာယ် ပူဇော်တတ်ကြပါသည်။
ပူအိုက်သော နွေရာသီဆိုလျှင် တော်ပါသေး၏။ ဆောင်းတွင်း ဝေလီဝေလင်း နံနက်ခင်း သို့မဟုတ် ညမိုးချုပ်ကြီး ...
မွေးနေ့ရှင် ကိုယ်တိုင်က အနွေးထည် အထပ်ထပ်ဝတ်ဆင်ပြီး ချမ်း၍ ဆတ်ဆတ်တုန်နေပါလျက်
ဘုရားခေါင်းပေါ်က ရေတွေ တစ်ခွက်ပြီးတစ်ခွက်လောင်းချ နေသည်။
အချို့ကလည်း ဘုရားထံ သက်စေ့ ဆီမီးပူဇော်ရာ ဖယောင်းတိုင်တစ်တိုင်ချင်း ဆိုလျင် လေတိုက်၍ မီးငြိမ်းမည် စိုးသဖြင့်
တစ်စုတစ်လုံးတည်း မီးထွန်ညှိကြလေသည်။
ထိုအခါ ဖယောင်းတိုင်ကလည်းများ၊ လေကလည်း တိုက်သဖြင့် ဘုရားရှေ့တွင် တဟုန်းဟုန်း လောင်ကျွမ်းနေပေတော့သည်။
မြတ်စွာဘုရားသာ သက်တော်ထင်ရှားဖြစ်ပါက ...
“ မိုးမလင်းခင်နဲ့ မိုးချုပ်ကြီးကျမှ ငါဘုရား ရေမချိုးဘူးကွဲ့။
စေတနာကောင်းပြီး ခေါင်းပေါ်က ရေလောင်းချနေတာ ခံရသူမှာ မသက်သာလှဘူး။
ဆောင်းတွင်းကြီး နှာစေးအအေးမမိဘဲ နေပါ့မလား။ ကိုယ်ချင်းစာကြပါ ကွယ်တို့။
သက်စေ့မီးပူဇော်သူကလည်း ... တကတည်းမှပဲ ... မီးပူဇော်တာမှ ဟုတ်ရဲ့လား။ မီးရှို့သတ်နေတာလား ဟရို့။ “
ဤသို့ မိန့်တော်မူမည်မှာ သေချာလှသည်။
ကုသိုလ်ပြုခြင်းသည် ကောင်းမြတ်ပါသော်လည်း အခြေအနေနှင့် အချိန်အခါ သင့် မသင့် ချင့်ချိန်ရပါသည်။
ကုသိုလ်ပင်ပြုစေကာမူ ဖေါ်ပြခဲ့သော မဖွယ်မရာ အမှုများကို ရှောင်ရှားရပါမည်။
ဗုဒ္ဓမြတ်စွာ၏ ပရိယတ္တိသာဿနာ၊ ပဋ္ဋိပတ္တိသာဿနာ၊ ပဋ္ဋိဝေဒသာဿနာ ဟူသော.....
သာသနာတော်သုံးရပ်တည်တံ့ ပျံ့ပွါး စေခြင်းငှာ ရည်သန်ရှေးရှူ ဒါနပြုရပါမည်။
ပုဂ္ဂိုလ်မနှော သံဃာသဘော သက်သက်ကို အာရုံပြု၍ လှူဒါန်းရပါမည်။
ထိုမှတစ်ပါး ...
မြတ်စွာဘုရားသည် ဒါနအတွက် အလှူခံ ပုဂ္ဂိုလ်(၁၄) မျိုးကို ညွှန်ပြခဲ့ပါသေးသည်။
မွေးနေ့သီလ
လူတို့အတွက် ငါးပါးသီလ၊ ရှစ်ပါးသီလ၊ အာဇီဝဌမကသီလ ဟူ၍ဆောက်တည်ရန် သင့်လျော်သည့် သီလသုံးမျိုးရှိပါသည်။
ကိုးပါးသီလမှာ “ မေတ္တာသဟဂတေန...” ဟူသောသိက္ခာပုဒ်ပါရှိရာ မိနစ်တိုင်း စက္ကန့် တိုင်း
အချိန်နှင့် အမျှ မေတ္တာဖြန့်ကျက်၍ နေနိုင်ပါမည်လောဟု မိမိစိတ်ကို မိမိဆန်းစစ်သင့်ပေသည်။
အကယ်၍ မွေးနေ့တစ်နေ့တာအတွက် ဒေါသမဖက်ပဲ မေတ္တာဖြန့်ကျက်လျက် နေနိုင်ဖို့ သေချာလျှင်မူ ကိုးပါးသီလ ဆောက်တည်နိုင်ပါသည်။
တစ်နည်းအားဖြင့် ကိုးပါးသီလကို ဆောက်တည်ပါက ဆောက်တည်ဆဲ ကာလ၍ မေတ္တာဘာဝနာ ပွားလျက်နေခြင်းသည် အကောင်းဆုံးဖြစ်ပါ၏။
အချို့ပုဂ္ဂိုလ်များကား ဥပုသ်တော့ စောင့်ပါ၏။
ညနေစောင်းသောအခါ ဗိုက်ဆာလာသဖြင့် ၀ိကာလဘောဇနာသိက္ခာပုဒ် တစ်ပါး လျော့သွားလျှင်
ရှစ်ပါးအနက် ခုနစ်ပါးတော့ ကျန်သေးတာပဲဟု မိမိတို့ဘာသာ ဖြေသိမ့်ကာ ညနေစာစားလိုက် ကြတော့သည်။
ဥပုသ်ကျိုး၊ ဥပုသ်ပျက်၊ ဥပုသ်ပေါက်ကြီးဖြစ်သွားရသည်။
အချို့ကလည်း ညနေစာမက်သဖြင့် အာဇီဝဌမကသီလ ဆောက်တည်လိုကြသည်။
အာဇီဝဌမကသီလ ဟူသည်...
ကာယကံ ဒုစရိုက်သုံးပါးကို ရှောင်ကြည်ရမည်။
ဝစီကံ ဒုစရိုက်လေးပါး ကို ရှောင်ကြည်ရမည်။
ယင်းအပေါင်း ခုနှစ်ပါးကို ရှောင်ကြဉ်လျက် အသက်မွေးရမည်။
အားလုံးပေါင်း ရှစ်ပါးဖြစ်သည်။
ညနေစာတော့စားရပါ၏။ ရှောင်နိုင်ဖို့ အခက်ဆုံးမှာ ၀စီကံ ဒုစ၇ိုက်လေးပါးထဲမှ သမ္ဖပ္ပလာပ သိက္ခာပုဒ်ဖြစ်သည်။
တရားစကားမှအပ တခြားစကားတွေ မပြောရ။ တရားစကားမှလွဲလျှင် အကျိုးမဲ့ စကားချည်းသာပင်။
အလေ့အကျင့် နည်းသူများအတွက် အာဇီဝဌမကသီလ ဆောက်တည်ထားပါက အမှတ်တမဲ့နေ၍ မဖြစ်။
အမှတ်တမဲ့နေလျှင် ဟိုစကား ဒီစကား လွှတ်ခနဲ ပြောမိမည်။ ပြောမိတော့ သီလ ကျိုးပေါက် ပြောက်ကျားမည်။
တစ်ယောက်တည်း ၀စီပိတ်နေမှ တော်ကာကျလိမ့်မည်။
ငါးပါးသီလ ကမူ လူတို့အား “မလုပ်နဲ့” ဟု ဗုဒ္ဓလုံးဝ တားမြစ်ခဲ့သော လူ့စည်းမျဉ်းဥပဒေ ဖြစ်သည်။
ဥပဒေချိုးဖောက်လျှင် အပါယ်ရောက်မည်။ မကျိုးပေါက်ပါမူ ကာမသုဂတိ ခုနှစ်ဘုံမှာ သေချာသည်။
မွေးနေ့တွင် မထိန်းမဖြစ်၊ ထိန်းမှဖြစ်မည့် ငါးပါးသီလလောက် စင်စင်ကြယ်ကြယ် လုံခြုံလျှင်ပင် ဟန်ကျလှပေပြီ။
အမှန်အားဖြင့် အာဇီဝဌမကသည်လည်း နိစ္စဓူဝ ထိန်းသိမ်းရမည့် သီလစာရင်းထဲ၌ ပါနေသည်။
သုံးသပ်ကြည့်မည် ဆိုပါက ကာယကံ ဒုစရိုက်သုံးပါနှင့် ၀စီဒုစရိုက်လေးပါးတို့ကို သာမာန်၌ ဖြစ်စေ ရှောင်ကြဉ်ရမည်ဖြစ်သောကြောင့်
ပင်တည်း။
ရှစ်ပါး... ကိုးပါး... သီလတို့ကား မထိန်းလည်းရသည်။ ထိန်းလည်းရသည်။
သီလကို အထူးအားဖြင့် ဆောက်တည်သော သဘောဖြစ်သည်။ မထိန်း၍ အပြစ်မဖြစ်။
ထိန်းပြီးမှ ကျိုးပေါက် ပြောက်ကျားပါက အပြစ်ဖြစ်တော့သည်။
ထိန်းနေနိုင်လျင်ကော ကုသိုလ်ပိုရသောကြောင့် အကောင်းဆုံးဖြစ်ပါသည်။
မွေးနေ့ဘာဝနာ
အများအားဖြင့် မွေးနေ့မှာ သက်သတ်လွတ်စားကြသည်။
သက်သတ်လွတ် စားခြင်းသည် ဘာအဓိပ္ပါယ် ရှိသနည်းဟုမေးရာ သတ္တ၀ါတို့အား သနားဂရုဏာထားသောအားဖြင့် စားကြောင်းဖြေကြသည်။
သက်သတ်လွတ်စားပြီး လောဘ၊ ဒေါသ ကြီးမားနေလျှင် သတ္တ၀ါတို့အား သနား ဂရုဏာထားရာ ရောက်ပါမည်လော။
မိမိတို့ သက်သွတ်လွတ်စားသောကြောင့် ဈေးသည်များ အသားငါးမရောင်းပဲ နေမည်လော။
ကောင်းမှု ကုသိုလ်အတွက် သက်သွတ်လွတ် စားရမည်ဟု ဘုရားဟောကျမ်းများမှာ ရှိခဲ့ပါသလော။
ဘုရားဟောကျမ်း၍ ဖေါ်ပြထားသည်မှာတော့ တနေ့တခြား လာဘ်လာဘလျော့ပါးလားသည့် ဒေ၀ဒတ်သည်
သံဃာတို့အား သင်းခွဲလိုသောကြောင့် မြတ်စွာဘုရားထံတောင်း ဆိုချက်ငါးမျိုးလျှောက်ထားသည်။
ယင်းငါးမျိုးတွင် သက်သတ်လွတ်ကိစ္စလည်း ပါဝင်သည်။
“ ရဟန်းတို့အားလုံး အသက်ထက်ဆုံး ငါး၊ အမဲတို့ကို မစားကြပါစေနဲ့။
သက်သတ်လွတ်သာ စားကြပါစေ။ ငါးအမဲစားတဲ့ ရဟန်းတွေ အပြစ်ရကြပါစေ။ ”
“ ကြားသား၊ မြင်သား၊ သံသယသား... ဒီအစွန်းသုံးပါးက ကင်းလွတ်တဲ့ ပံ့သုကူ ငါး အမဲကို စားဖို့ ငါဘုရားခွင့်ပြုတယ်။ ”
ဒေ၀ဒတ်၏ လျှောက်ထားချက်ကို အရှည်မျှော်တွေးလျက် မြတ်စွာဘုရား ပယ်မြစ်တော်မူခဲ့သည်။
မြတ်စွာဘုရား၏ အလိုတော်ကား အမဲ သား ငါး စားခြင်း နှင့် သက်သတ်လွတ်စားခြင်း အဓိကမဟုတ်။
စားသောက်ရာတွင် ရသတဏှာ မဖြစ်ဖို့ အတွက်သာ ပဓာန ထားတော်မူသည်။
ထို့ကြောင့် သက်သတ်လွတ်စားသူများကို ဒေ၀ဒတ်ဂိုဏ်းသားများဟု ခပ်များများက ဆိုစမှတ်ပြုကြသည်။
အကယ်၍ သတ္တ၀ါတို့အား မေတ္တာဂရုဏာထားသောအားဖြင့် နေလိုပါသည်ဆိုလျှင်
မေတ္တာဘာဝနာ၊ ဂရုဏာဘာဝနာတို့ဖြင့် ပွားများဆင်ခြင် နှလုံးသွင်းနေသင့်ပါသည်။
မွေးနေ့အတွက် အသင့်တော်ဆုံး ဘာဝနာကား မရဏဿတိ ဘာဝနာဖြစ်ပါသည်။
သေခြင်းတရား၌ မမေ့မလျော့ နှလုံးသွင်းရမည်ဟုဆိုလိုသည်။
“ အမှည့် တ၀င်းဝင်း အကင်းတပြိုက်ပြိုက် ” ဟူသောစကားရှိရာ ငယ်သူလည်းသေနိုင်ကြောင်းကို ဖော်ပြသည်။
အမှန်အားဖြင့် မွေဖွားခြင်းသည် အသက်ရှင်နေဖို့ မဟုတ်။ သေဖို့သာဖြစ်သည်။
သို့ကြောင့် မွေးနေ့ အစသည် ဘ၀ဂိတ်အစ ဖြစ်၍ မွေးနေ့ အဆုံးသည် ဘ၀ဂိတ်အဆုံးဖြစ်သည်။
အလယ်မွေးနေ့များကမူ ဘ၀၏မှတ်တိုင်များ ဖြစ်လေသည်။
ဘ၀တစ်ခု (၀ါ) အသက်ရှင်နေခြင်းကာလတကန့်တွင် မွေးနေ့များလျှင် သက်တမ်းရှည်မည်။ မွေနေ့နည်းလျှင် သက်တမ်း တိုမည်။
လူတစ်ယောက်၏ မွေးနေ့အနည်းအများကို သာမန်ပုထုဇဉ်တို့ မခွဲခြားနိုင်ချေ။
မိမိတို့ ဘ၀သက်တမ်း ရှည်မည်-တိုမည် ... ထိုနှစ်လီကို မိမိတို့ကိုယ်တိုင်ပင် မသိနိုင်ချေ။
သို့ဖြစ်၍ မွေးနေ့ကျရောက်တိုင်း ဘ၀ဂိတ်ဆုံးသို့ တစ်မှတ်တိုင်ပြီးတစ်မှတ်တိုင် တရွေ့ရွေ့ နီးကပ်လာသည် ဟုသာ သိနိုင်ပါသည်။
ငါသည် အမှန်သေရမည်။
သေခြင်းကို ငါမလွန်ဆန်နိုင်။
မသေမီ ကောင်မှုကုသိုလ်တွေ လုပ်ထားမှတော်တော့မည်။
ဤသို့ဖြင့် အကြိမ်ကြိမ် နှလုံးသွင်းဆင်ခြင်လျက် ကောင်းမှုကုသိုလ်များကို အားသွန်ခွန်စိုက်ပြုလုပ်သင့်ပါသည်။
ကောင်းမှု ကုသိုလ်ပြုလုပ်ရာ၌ သိထားသင့်သည်မှာ...
ဒါနသည်... အညံ့စား ကုသိုလ်။
သီလသည် ... အလတ်စားကုသိုလ်။
ဘာဝနာသည်... အမြတ်စားကုသိုလ် ဖြစ်သောကြောင့် ဘာဝနာတစ်မျိုးသာလုပ်မည်ဟု ဤသို့လည်း မဟုတ်သေးပေ။
အကျိုးပေးခြင်း မတူရကား ဒါန သီလ ဘာဝနာ ... သုံးမျိုးလုံးစုံအောင် လုပ်ရပေလိမ့်မည်။
ဘာဝနာ၌ပင် သမထဘာဝနာနှင် ၀ိပဿနာဘာဝနာ နှစ်မျိုးရှိပြန်ရာ
ဝိပဿနာဘာဝနာက သမထဘာဝနာထက်ပို၍ အဆင့်မြင့်၏။ ပို၍လည်း မြတ်၏။
ထို့ကြောင့် ...
ကုသိုလ် ဟူသမျှ အားလုံးတွင် ၀ိပဿနာ ဘာဝနာကုသိုလ်သည် အမြင့်မြတ်ဆုံးဖြစ်ပါ၏။
သို့ဆိုပါလျှင်...
သင်၏ မွေးနေ့တွင် ...
အနောက်တိုင်းဆန်ဆန် မွေးနေ့ကိတ်လှီးမည်လော။
ဗုဒ္ဓဘာသာဝင် ပီသစွာ ဘုရားအလိုတော်ကျ ကောင်းမှုကုသိုလ် ပြုလုပ်ပါမည်လော။
ကောင်းစွာဝေဖန်သုံးသပ် ဆုံးဖြတ်သင့်ပါသည်။
( ဤတွင် နိဌိတံ လေ၏။ ခါးလည်း ညောင်းပြီ)
***********
ဗိုလ်ချုပ်အောင်းဆန်းမွေး နေ့ နဲ့ တိုင်ဆိုင်လို့ လည်းပြန်တင်ပေးပါတယ်။
လေးစားသော
ရွှေအိမ်စည်

0 comments:
Post a Comment